Saturday, February 16, 2013

ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ၌ ဓာတ်ကြွင်း အာနိသင် ကျန်ရှိမှုနှုန်းကို သုတေသနလုပ်ရန် စီစဉ်

ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများတွင် ပိုးသတ်ဆေးနှင့် ဓာတုဟော်မုန်း ဆေးများ၏ ဓာတ်ကြွင်းအာနိသင် ကျန်ရှိမှုနှုန်းကို သုတေသန ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ အမျိုးသား အဆိပ်ထိန်းချုပ်မှု ဌာနမှ သိရသည်။
ဈေးကွက်အတွင်း ရောင်းချနေသည့် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများတွင် ပိုးသတ်ဆေးနှင့် ဓါတုဟော်မုန်းဆေးများ ဓာတ်ကြွင်းအာနိသင် ကျန်ရှိမှုများ တွေ့ရှိနေရပြီး အဆိုပါ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို စားသုံးမိသူများတွင် အစာအဆိပ်သင့်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ သုတေသန ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အမျိုးသား အဆိပ်ထိန်းချုပ်ဌာန အနေဖြင့် ပန်းဂေါ်ဖီပွင့် (အဖြူနှင့်အစိမ်း) များကို စတင်သုတေသန ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။
 
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာရှိ လပြည့်နဂါး ကုမ္ပဏီ သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများ ဂေါ်ဖီထုပ်ကို သုပ်စားရာမှ အလုပ်သမား ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် နှစ်ဦးမှာ ဆေးရုံတွင်ဆေးဝါးကုသနေစဉ် သေဆုံးခဲ့ကြောင်း လည်း သိရသည်။
 
''ခုနောက်ပိုင်း ပိုးသတ်ဆေး ကျန်ရှိနေတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ စားသုံးမိတာက တဆင့် အစာအဆိပ်သင့်တာတွေ များလာတယ်။ စားသုံးသူတွေ အနေနဲ့လည်း အသင်းကို တိုင်ကြားမှုတွေလည်း ရှိနေတယ်။ ဟိုတလောကလည်း လှိုင်သာယာက အလှူတစ်ခုမှာ ဂေါ်ဖီထုပ်ကြော်စားမိပြီး အဆိပ်သင့်တာတွေ ဖြစ်တာကြားတယ်။ နောက်ပြီးခဲ့တဲ့လ တုန်းကလည်း သင်္ဃန်းကျွန်း၊ သုဝဏ္ဏဈေးမှာ လည်း ကိုက်လန်စားမိလို့ အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကြားမိတယ်။ စားမိတဲ့သူတွေ က အော့အန် တာ၊ ဝမ်းလျှောတာတွေဖြစ်တယ်။ ဆေးစစ်ချက်တွေ ထွက်လာတဲ့အခါ ပိုးသတ်ဆေး အဆိပ်သင့်တယ် ဆိုပြီး ထွက်လာတယ်လို့ ကြားပါတယ်'' ဟု စားသုံးသူ ကာကွယ်ရေးအသင်း၊ ဥက္ကဋ္ဌဦးဗအုပ်ခိုင် က ပြောပြခဲ့ သည်။
 
မြန်မာနိုင်ငံတွင် ပိုးသတ်ဆေး သုံးစွဲမှုပမာဏ ဆယ်နှစ်အတွင်း သုံးဆကျော် ထပ်မံမြင့်တက်လာကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
 
မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ ပိုးသတ်ဆေး သုံးစွဲမှုနှုန်းသည် ၂ဝဝ၂-၂ဝဝ၃ ဘဏ္ဍာနှစ်၌ ၂၈၇၄ ဒသမ ၆၉ မက်ထရစ်တန် ရှိခဲ့ရာမှာ၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ်တွင် ၁၁၁ဝ၁ ဒသမ ၄၁ မက်ထရစ်တန် အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
 
''မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးတွေကို ၁၉၄ဝ ဝန်းကျင်လောက်ကတည်းကစပြီး Synthetic ပိုးသတ်ဆေးတွေကို အမြောက်အမြား သုံးလာကြတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာမှာလည်း ပိုးသတ်ဆေး သုံးစွဲမှုက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း စိုက်ဧကတွေ တိုးချဲ့တယ် သီးနှံအထွက်နှုန်းတွေကောင်းအောင် ပိုးသတ်ဆေးတွေကို ပိုပြီးအသုံးပြုလာကြ တယ်။ နောက်ပြည်တွင်းမှာ အသုံးပြုမှုများလာတာက ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့ရနေတာရယ် ပိုးသတ်ဆေး ရောင်းချတဲ့ ဈေးကွက်ကလည်း ပိုပြီးကြီးလာတာရယ် စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေ မှာလည်း ပိုးသတ်ဆေး သုံးရမယ်ဆိုတဲ့ အသိပညာတွေ ရလာတာကြောင့် ပိုပြီးများလာတာပါ။ နောက်ထုတ်လုပ်မှု ကဏ္ဍတွေကို မြှင့်တင်လိုက်တဲ့အခါ စိုက်ခင်းတွေမှာလည်း ပိုးသတ်ဆေးတွေကို အသုံးပြုလာကြတယ်။ ဒါတွေကြောင့် ပိုးသတ်ဆေးသုံးစွဲမှု ကလည်း မြင့်တက်လာ တာပါ။ ကမ္ဘာမှာဆိုရင် တစ်နှစ်တစ်နှစ်ကို ခန့်မှန်းခြေအားဖြင့် ၅ ဒသမ ၆ ဘီလီယံပေါင် သုံးစွဲပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုးသတ်ဆေး သုံးစွဲမှုက ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မများပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ပိုးသတ်ဆေးသုံးစွဲသူ တွေရဲ့ ၉၉ ရာခိုင်နှုန်းက အဲဒီဆေးတွေကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ သေဆုံးကြတာ ပိုများပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပိုးသတ်ဆေးတွေကို အမြောက်အမြားသုံးပြီး ကြိုတင်ကာကွယ်မှုတွေ၊ စနစ်တကျ သုံးစွဲမှုအပိုင်းတွေကျတော့ အားနည်းတယ်။ ဆေးတွေသုံးစွဲတာနဲ့ ပတ်သက်လို့ အသိပညာတွေ ပေးပေမယ့် လယ်သမားတွေက လိုက်နာမှု အားနည်းတာရယ်၊ အကာအကွယ် ပစ္စည်းသုံးစွဲတာက အစ စနစ်တကျ သုံးစွဲမှုမရှိတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကို ပိုခံစားလာကြရတယ်'' ဟု စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
 
လက်ရှိ မြန်မာနိုင်ငံ၌ အသုံးပြုလျက်ရှိသည့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို ပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုခြင်းဖြစ်ပြီး ပြည်တွင်း၌ ဖော်စပ်ထုတ်လုပ်ခြင်း မရှိကြောင်း သိရသည်။
 
၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် အဆင့် ၁ မှ ၁ဝ အတွင်းရှိ ပိုးသတ်ဆေးများမှာ Chlorpyrifos, Acephate, Cybermethrin, Carbofuran, Lambda-cyhalothrin, Mancozeb, Dimethoate, Glyphosate, SulphurBenomyl တို့ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံ၌နှစ်အလိုက်ပိုးသတ်ဆေးသုံးစွဲမှုနှုန်း
ဘဏ္ဍာနှစ်                မက်ထရစ်တန်
၂ဝဝ၂-၂ဝဝ၃           ၂၈၇၄ဒသမ၆၉
၂ဝဝ၃-၂ဝဝ၄           ၃ဝ၃ဝဒသမ၁၂
၂ဝဝ၄-၂ဝဝ၅           ၃၁၉၁ဒသမ၇၁
၂ဝဝ၅-၂ဝဝ၆           ၄၇ဝ၄ဒသမ၂၄
၂ဝဝ၆-၂ဝဝ၇           ၆၁၈၆ဒသမ၄၉
၂ဝဝ၇-၂ဝဝ၈           ၃၇၇၅ဒသမ၈၇
၂ဝဝ၈-၂ဝဝ၉           ၄၆၄၆ဒသမ၉၃
၂ဝဝ၉-၂ဝ၁ဝ           ၄၉၄ဝဒသမ၃၉
၂ဝ၁ဝ-၂ဝ၁၁           ၁ဝ၇၇၈ဒသမ၁၉
၂ဝ၁၁-၂ဝ၁၂           ၁၁၁ဝ၁ဒသမ၄၁
EMG

No comments:

Post a Comment