Friday, August 3, 2012

ငြိမ်းချမ်းရေကနောက်မှ တွေ့မဲ့နေရာတောင်ရွေးလို့မရသေးတဲ့ KIA နဲ့ အစိုးရ (နေရာရှားသည်)

lanan kio 3011
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား  ငြိမ်းချမ်းရေးအတွက် ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ နေရာရွေးချယ်ရာတွင် ခက်ခဲမှုကြောင့် မတွေ့ဆုံနိုင်သေးကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန် ပြောသည်။

တွေ့ဆုံမည့်နေရာကို KIO ဖက်မှလည်း တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံရန်ကမ်းလှမ်းထားပြီး အစိုးရဖက်မှလည်း ၄င်းတို့အုပ်ချုပ်သည့်နယ်မြေတွင် တွေ့ဆုံရန်ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဖက်ညှိနှိုင်းမှုမအောင်မြင်သေးပဲ နေရာမသတ်မှတ်နိုင်သေးခြင်းဖြစ်ကြောင်း ဦးလာနန် ပြောသည်။

“ကျွန်တော်တို့ပြောထားတဲ့ နေရာ သူတို့ဘက်က ဖြစ်နိုင်တယ်ဆိုရင် အချိန်ပြန်သတ်မှတ်ပြီး ဆွေးနွေးနိုင်တယ်။ သူတို့ပြောတဲ့ ဗန်းမော်မှာလည်း ကျွန်တော်တို့လာဖို့ မသင့်ဘူး။ မူဆယ်မြို့မှာလည်း သွားဖို့ခက်တယ်။ ကျွန်တော်တို့ပြောတဲ့ ပရန်ငေါန် (Prang Ngawn) မှာလဲ သူတို့မလာနိုင်ဘူးလေ။ အခုလည်း ကျွန်တော်တို့က မြန်မာအစိုးရတွေနဲ့ သူတို့နဲ့တွေ့မယ်ဆိုရင် အချိန်မရွေးတွေ့လို့ရတယ်လို့ပြောထားလို့ ကျွန်တော်တို့ နေရာတိုင်း သွားတွေ့တယ်။”

နှစ်ဖက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ပြဿနာတခုဖြစ်နေချိန် ၄င်းပြဿနာသည် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်သည်ဟုခံယူကာ KIO ဘက်မှ တွေ့ဆုံဖို့ဆွေးနွေးဖို့ တံခါးဖွင့်ထားခြင်းဖြစ်သည်ဟု ပြောသည်။

“သို့သော်ဒီအတောအတွင်းမှာ မြန်မာအစိုးရ ထိန်းချုပ်နယ်မြေမှာ ကျွန်တော်တို့ KIO ကို ထိုးစစ်ဆင်နေတဲ့ မြို့ထဲ သူတို့တွေ့ဆုံဖို့ပြောတော့ KIO အနေနဲ့ သွားတွေ့ဖို့မဖြစ်နိုင်ဘူး။ KIOကို စစ်အင်အားသုံးပြီး အတင်းထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားတွေ ဖြည့်နေတယ်။ သူတို့ အစီအစဉ်နဲ့ရှိနေတဲ့နေရာ ဗန်းမြော်မို့မှာ ကျွန်တော်တို့ သွားတွေ့ဖို့ မဖြစ်နိုင်ဘူး။ မူဆယ်မြို့မှာလည်း မန္တလေးက တက်လာတဲ့ စစ်တပ် အားလုံးက မူဆယ်ကနေ ဖြတ်တယ်။ KIA တပ်မဟာ (၄)၊ တပ်မဟာ (၃) ထဲဝင်တယ်။ ဒါကြောင့်လက်မခံနိုင်ဘူး။”

ယခုချိန်တွင်လည်း KIO ထိန်းချုပ်နယ်မြေများတွင် မြန်မာအစိုးရစစ်တပ်မှ စစ်အင်အားများကို လျှို့ဝှက်ဖြည့်နေသောကြောင့် ညအချိန်တွင် လှုပ်ရှားရန်ညွှန်ကြားထားကြောင်းသိရသည်။

နေ့ခင်းအချိန်တွင် အစိုးရစစ်တပ်ဖက်မှ အရပ်သားဝတ်စုံများဖြင့် လှုပ်ရှားသွားလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံး ၉၆ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အား ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန် KIO မှ ဇူလိုင် ၁၇ ရက်နေ့တွင် စာဖြင့် ကမ်းလှမ်းထားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment