Friday, August 3, 2012

သဒါဏ်ကျခံခဲ့ရတဲ့ ဖြိုးဝေအောင်ကိုပြန်လွှတ်

 



X20 ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက် တစ်ကျွန်းစသည့် ပြစ်ဒဏ်များ ချမှတ်ခံရသူ ကိုဖြိုးဝေအောင် ပြန်လည်လွတ်မြောက်

X20 ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟု ဖမ်းဆီးပြီး သေဒဏ်၊ ထောင်တစ်သက်တစ်ကျွန်းစသည့် ပြစ်ဒဏ်များချမှတ်ခံရသူ ကိုဖြိုး ဝေအောင်သည် 

ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

''ကျွန်တော်က X2O ရေကစားမဏ္ဍပ်ရှေ့မှာ ဗုံးဖောက် ခဲ့တဲ့သူ မဟုတ်တဲ့ အတွက် တစ်နေ့ နေ့တစ်ချိန်ချိန်မှာ ပြန်လွတ်မယ်လို့ခံယူထားပြီးသားပ
ါ။ ကျွန်တော် နောက်တစ်လ၊ နှစ်လအတွင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်သွားမယ်။ ဒါတွေအပြင် ကျွန်တော်ကြုံတွေ့ရ တဲ့အပိုင်းတွေမှာ လက်ရှိ ဥပဒေအပိုင်း ကို ပြင်ဆင်ဖို့လိုအပ်တယ်။ ကျွန်တော်မကျူးလွန်ဘူးဆိုတာကို တရားလိုပြ သက်သေတွေနဲ့ ဖြေရှင်းသွားမယ်။ ဒါတွေအပြင် အင်းစိန်ထောင်ရဲ့အခြေအနေကို အပြုသဘော ဆောင်ပြီး စာတမ်း ပြုစုသွားပါမယ်။ သက်ဆိုင်ရာကိုလည်း တင်ပြပေးသွားမယ်။ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်ဖြစ် နေတုန်းက ကျွန်တော်က ရန်ကင်း စင်တာမှာရှိတဲ့ City Mart မှာ အသေးစား ပြင်ဆင်မှု အလုပ်တွေကို လုပ်နေတာပါ'' ဟု ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကိုဖြိုးဝေအောင်က ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်၌ အသက် ၃၂ နှစ် အရွယ်ရှိသော ကိုဖြိုးဝေအောင် အသည်းကင်ဆာဝေဒနာနှင့် ကိုယ်အောက်ပိုင်းသေ ဝေဒနာများကို ခံစားနေရသူ ဖြစ်ပြီး အင်းစိန်ထောင်တွင်း ဆေးရုံမှ အင်းစိန်ထောင်သို့ ပြောင်းရွေ့ဆေးကုသမှု ခံနေခဲ့ရာမှ ယနေ့တွင် ပြန်လည် လွတ်မြောက်ခဲ့ခြင်း ဖြစ်ပါသည်။

ကိုဖြိုးဝေအောင်ကို ၂၀၁၀ပြည့်နှစ်၊ မြန်မာ နှစ်သစ်ကူးကာလ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော် ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ် ရှေ့၌ ဗုံး ၃လုံး ဆက်တိုက်ပေါက်ကွဲ မှုနှင့် ပတ်သက်၍ ကျူးလွန်သူဟု စွပ်စွဲခဲ့ပြီး ၂၀၁၀ပြည့်နှစ်၊ ဧပြီ လ ၂၃ရက်နေ့တွင် ၎င်းနေထိုင်ရာ ပုဇွန်တောင်မြို့နယ်၊ ၅၅လမ်းရှိ နေ အိမ်မှ မေးမြန်း စရာများရှိသည်ဟု ပြောဆိုပြီး သက်ဆိုင်ရာမှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 

ထို့နောက် မင်္ဂလာတောင်ညွှန့်ရဲစခန်းမှ (ပ)၃၂၀/၂၀၁၀ ပုဒ်မ ၃၀၂/၃၂၆/ ၁၁၄/၁၀၉ (ပ)၃၂၁/၂၀၁၀ ပေါက်ကွဲပုဒ်မ ၃(ပ)၄၃၇/၂၀၁၀ မတရား အသင်းပုဒ်မ ၁၇(၁)၊ (ပ)၄၃၈/၂၀၁၀ လ၀ကပုဒ်မ ၁၃(၁)တို့ဖြင့် အရေးယူထားရှိပြီး စစ်ဆေး၍ ၂၀၁၀ဇွန်လ ၃၀ရက်နေ့တွင် မြောက်ပိုင်း ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါသည်။ ထိုသို့တင်ပို့ခဲ့ပြီး အင်းစိန် အကျဉ်းထောင်ရှိ သီးသန့်တရားရုံးတွင် မြောက်ပိုင်း ခရိုင်တရားရုံး ခရိုင်တရားသူကြီး ဦးကိုကိုဦးမှ စတင်စစ်ဆေးခဲ့ကာ တရားသူကြီး အဆင့်ဆင့်ပြောင်းလဲခဲ့ကာ အဆုံးသတ် တရားစီရင်မှုကို ခရိုင်တရားသူကြီး ဦးအောင်သိန်းမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။

''ကျွန်တော့်ကို စစ်ဆေးတဲ့ အခါမှာ ကျွန်တော်ပါဝင်ပတ်သက်မှု မရှိဘူး။ ကျွန်တော် မလုပ်ဘူးဆိုတာ ကို အကြိမ်ကြိမ် ရှင်းပြတယ်။ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ စစ်ဆေး တဲ့ ဒဏ်တွေကို လုံးဝ မခံနိုင်တော့တဲ့ အခြေအနေမှာ သူတို့ပြောကြားစေခိုင်းတဲ့ အတိုင်း ကျွန်တော် ပူးပေါင်း ပါဝင်ခဲ့လိုက်ရတာပါ။ နောက်တော့ သတင်းစာ ရှင်းလင်းပွဲ လုပ်တဲ့အခါမှာ ကျွန်တော်က နံပါတ်တစ် တရားခံအနေနဲ့ ဖြစ်ခဲ့ပါတယ်'' ဟု ကိုဖြိုးဝေအောင်က ရင်ဆိုင်ခဲ့ရသော အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ကိုဖြိုးဝေအောင်အား ပြစ်ဒဏ်ချမှတ်မှုကို ၂၀၁၂ခု နှစ်၊ မေလ ၈ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မင်္ဂလာတောင်ညွှန့် ရဲစခန်း(ပ)၃၂၀/၁၀၊ မြောက်ပိုင်း ခရိုင် တရားရုံး ပြစ်မှုကြီး အမှတ် ၁၀၂/၁၀၊ ပုဒ်မ ၃၀၂(၁)(ခ) /၁၁၄ အရ သေဒဏ်၊ ပုဒ်မ ၃၂၆/၁၁၄ အရ ထောင်ဒဏ်(၁၀)နှစ်၊ ပုဒ်မ ၃၂၄/၁၁၄အရ ထောင်ဒဏ် (၃)နှစ်တို့အား တစ်ပေါင်းတည်းကျ ခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထို့အပြင် မင်္ဂလာတောင်ညွှန့် ရဲစခန်း (ပ)၃၂၀/၁၁၄၊ မြောက်ပိုင်းခရိုင် တရားရုံးပြစ်မှုကြီး အမှတ် ၁၀၃/၁၀၊ ပေါက်ကွဲစေ တတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃/၆ အရ ထောင်ဒဏ် တစ်သက် တစ်ကျွန်း၊ မင်္ဂလာတောင်ညွှန့် ရဲစခန်း(ပ)၄၃၇/၁၀၊ မြောက်ပိုင်း ခရိုင် တရားရုံး ပြစ်မှုကြီး အမှတ် ၁၀၄/ ၁၀၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)အရ ထောင်ဒဏ်(၃)နှစ်၊ မင်္ဂလာ တောင်ညွှန့် ရဲစခန်း (ပ)၄၃၈/၁၀၊ မြောက်ပိုင်းခရိုင် တရားရုံး ပြစ်မှုကြီး အမှတ် ၁၀၅/၁၀၊ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ်(၃)နှစ် တို့အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ပြစ်မှုကြီးအမှတ် ၁၀၂/၁၀၊ ၁၀၃/၁၀၊ ၁၀၄/၁၀၊ ၁၀၅/၁၀တို့မှ ပြစ်ဒဏ်အားလုံးကို တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်ခဲ့ပါသည်။ ထို့နောက် မြောက်ပိုင်းခရိုင် တရားရုံး ပြစ်မှုသေးအမှတ် ၄၅/၁၀၊ ၄၆/၁၀၊ ၄၇/၁၀၊ ၄၈/၁၀ တို့မှ တရားခံပြေး သူရဇော်၊ မျိုးအေး၊ အောင်ကြီး၊ ရဲသီဟတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဆောင်ရွက်ပြီး အမှု ခေတ္တပိတ်ခဲ့ကြောင်း သိရှိရပါသည်။ 

အထက်ပါ ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသူ ကိုဖြိုးဝေအောင်ကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃ရက်နေ့ နံနက်ပိုင်းတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ၄င်း၏ဇနီးဖြစ် မဌေးဌေးက ပြောကြားခဲ့ပါသည်။

ကိုဖြိုးဝေအောင် အနေဖြင့် တရားစီရင်ခြင်း ကိစ္စများနှင့်ပတ်သက်၍ အဆင့်ဆင့် တင်ပြ ရှင်းလင်းသွားမည် ဖြစ်ကြောင်း ကိုဖြိုးဝေအောင်၏ ဇနီးဖြစ်သူ မဌေး ဌေးကပြောကြားခဲ့သည်။ ယခုလက်ရှိအချိန်တွင် ကိုဝေဖြိုးအောင်မှာ အင်းစိန်ဆေးရုံကြီး၊ အခပေးအထူး အခန်း ၄ တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment