Wednesday, September 12, 2012

ဆိုမာလီယာနိုင်ငံတွင် သမ္မတသစ် ရွေးချယ်တင်မြှောက်

ဆိုမာလီယာနိုင်ငံတွင် သမ္မတသစ် ရွေးချယ်တင်မြှောက်
ဆိုမာလီယာနိုင်ငံ ပါလီမန်က နိုင်ငံ၏ အတောင်အလက် စုံလင်စ ပြုလာသည့် အစိုးရသစ်ကို တရားဝင် ရွေးချယ် တင်မြှောက်နိုင်ခဲ့ပြီ ဖြစ်သည်။ မွတ်ဆလင် အစွန်းရောက် စစ်သွေးကြွများ၏ ကာလရှည်ကြာ တိုက်ခိုက်မှုများကြောင့် လူနေမှု အဆင့်အတန်း အလွန်နိမ့်ပါးခဲ့သော်လည်း ယခုအခါ မိုဂါဒစ်ရှူး မြို့သူ မြို့သားများသည် ၎င်းတို့၏ သမ္မတသစ် ဟာဆန် ရှိတ်မိုဟာမက်အတွက် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်။

ရှိတ်မိုဟာမက်သည် လက်ရှိတွင် လူကြိုက်နည်းနေသော သမ္မတ ရှိတ်ဆာရစ်ဖ် ရှိတ်အာမက်အား အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မဲခွဲမှု ရလဒ်အရ မဲ(၁၉၀)နှင့် (၇၉)မဲထိ အပြတ်အသတ် ကွာခြားခဲ့သည့်နောက် သမ္မတသစ်အဖြစ် ရှိတ်မိုဟာမက်ကို ခန့်အပ်ကြောင်း ပါလီမန် ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အိုစမန် ဂျဝါရီက ကြေညာခဲ့သည်။

                                                            (ဆိုမာလီယာနိုင်ငံ သမ္မတသစ် ဟာဆန် ရှိတ်မိုဟာမက်)

"နှစ်ပေါင်း (၄၀)အတွင်း ဆိုမာလီယာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ပထမဆုံး ရွေးကောက်ပွဲ တစ်ခုကို မြင်ခွင့် ရတာနဲ့တင် ကျေနပ်ပါတယ်။ သမ္မတသစ်ကို ကျွန်တော် ဂုဏ်ပြုချင်ပါတယ်။ သူဟာ မျှတစွာ အနိုင်ရခဲ့တာပါ။ မဲရလဒ်တွေ ကြေညာတာကို စောင့်ကြည့်ခဲ့တဲ့နောက် ကျွန်တော် အပြည့်အဝ ကျေနပ်ပါတယ်"ဟု သမ္မတဟောင်း ရှိတ်အာမက်က ပြောကြားသွားသည်။ ဆိုမာလီယာ အစိုးရသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အယ်လ်ကေးဒါးတို့က ထောက်ပံ့ပေးသည့် အယ်လ်ရှာဘက် စစ်သွေးကြွများ၏ ထိုးစစ်ဆင်မှုကို အလူးအလဲ ခံခဲ့ရသည်။ အဆိုပါ အစွန်းရောက် တပ်ဖွဲ့များသည် တစ်နိုင်ငံလုံး နီးပါးကို သိမ်းပိုက်ထားခဲ့ရာ ဆိုမာလီယာ အစိုးရ၏ ဩဇာအာဏာသည် မိုဂါဒစ်ရှူး တစ်ဝိုက်တွင်သာ ရှိနေပြီး ယင်းကိုလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့များက ကာကွယ်ပေးထားရခြင်း ဖြစ်သည်။

ဆိုမာလီယာသည် (၁၉၉၁)ခုနှစ်မှ စတင်ပြီး အစိုးရ ဖွဲ့စည်းမှုများ ပြောင်းလဲရန် အားထုတ်ခဲ့ပြီး (၂၀၀၄)ခုနှစ်တွင် တည်ငြိမ်မှုရှိသော စည်းမျဉ်းများ စတင်အခြေချလာနိုင်သည်။ အယ်လ်ရှာဘက်တို့ကိုလည်း (၂၀၁၁)ခုနှစ်၊ ဩဂုတ်လတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်နောက် မိုဂါဒစ်ရှူးတွင် စီးပွားရေးနှင့် အားကစားဆိုင်ရာ လမ်းကြောင်းများ ပြန်ပွင့်သွားသည်။ အယ်လ်ရှာဘက်တို့သည် မိုဂါဒစ်ရှူး အနီးတဝိုက်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ ဩဇာကျဆင်းသွားသလို ဆိုမာလီယာ အနောက်ဘက်ကမ်းခြေ မြို့များမှလည်း ဆုတ်ခွာခဲ့ရသည်။ ၎င်းတို့သည် ဆိုမာလီ မြောက်ပိုင်းနှင့် ယီမင်တို့သို့ ဆုတ်ခွာသွားပြီး လက်ရှိတွင် အဓိက ခြေကုတ်ယူထားသော ကစ်မာရိုမြို့တွင် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Source: WashingtonPost

No comments:

Post a Comment