Wednesday, August 22, 2012

ရခိုင်တွင် ညမထွက်ရအမိန့် ကျူးလွန်သူ ၆၃ ဦးကို ထောင်ချ



August 22, 2012


ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ ကန့်သတ်မိန့်ကိုဖောက်ဖျက်ကျူးလွန်၍ ဖမ်းဆီး ထိန်းသိမ်းထားသူများအနက် ၆၃ ဦးကို ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ် ချမှတ်ခဲ့ သည်ဟု ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

“စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ ဦး၊ သံတွဲ နှစ်မှုမှာ လူ နှစ်ဦး၊ စုစုပေါင်း ၆၃ ဦး စီရင်ချက် ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လစီ အပြစ်ပေးခဲ့တာ ဖြစ်တယ်။ အများစုမှာ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်” ဟု ပြည်နယ်အစိုးရ သတင်းပြန်ကြားရေး နှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောသည်။

အပြစ်ပေးခံရသူများတွင် ရခိုင်တိုင်းရင်းသား အများစု ဖြစ်နေရခြင်းမှာ တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်း ဆောင်ရွက် သူများက စစ်တွေမြို့ပေါ်၌ ရှိနေသောကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ညမထွက်ရအမိန့် ဖောက်ဖျက်သူများတွင် ကျန်းမာရေးကြောင့်လည်းကောင်း၊ စားဝတ်နေရေးအရ မလွှဲမရှောင်သာ သွားလာရသူများလည်း ပါနေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) အတွင်းရေးမှူး ဦးခိုင်ပြည်စိုး က ဆိုသည်။

ညမထွက်ရအမိန့် ကျူးလွန် ဖောက်ဖျက်သူများကို ပြည်နယ်အစိုးရက အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်နေခြင်းအပေါ်ဝေဖန်မှုများလည်း ရှိနေသည်။

ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်အရ ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်သူများ အပါအဝင် အရေးအခင်းနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ စုစုပေါင်း ၈၇၂ ဦး ရှိကြောင်း သိရသည်။

စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲ မြို့နယ်တို့တွင် ညနေ ၇ နာရီမှ နံနက် ၅ နာရီထိ ညမထွက်ရ အမိန့် ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်သည်။

No comments:

Post a Comment