Wednesday, August 15, 2012
မြေခွန်သက် သာခွင့်စနစ် ရပ်ဆိုင်း လိုက်ခြင်း က မြေဈေးကစား သူများ အခ က်တွေ့နိုင်
ပြည်တွင်းမြေဈေးများ တစ်ဟုန်ထိုး မြင့်တက်လာရန် တွန်းအားဖြစ်ခဲ့သည့် အခွန်သက်သာခွင့်ကို ငါးနှစ်သက်တမ်းပြည့်ချိန်တွင် ရပ်ဆိုင်းလိုက်သဖြင့် မြေအရောင်းအ၀ယ် ဈေးကစားနေသူများ အခက်ကြုံလာမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
 လက်ရှိ အခွန်သက်သာခွင့် စနစ်သစ်တွင် ၀င်ငွေရလမ်း မဖော်ပြနိုင်လည်း (မည်သည့်လုပ်ငန်းမှမဆို ရသည့်ငွေဖြစ်စေ) ၀င်ငွေခွန် ရှစ်ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ပေးဆောင်ပါက ခြံမြေများ တရားဝင်အမည်ပေါက်ဖြင့် ၀ယ်ယူနိုင်ပြီး သြဂုတ် ၁၂ ရက်တွင် ပြန်လည်ကျင့်သုံးလိုက်သည့် အခွန်စနစ် တည်ဆဲဥပဒေတွင်မူ ၀င်ငွေရလမ်း မဖော်ပြနိုင်ပါက ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းနှင့် တံဆိပ်ခွန် ခုနစ်ရာခိုင်နှုန်း ပေးရမည်ဖြစ်သည်။ သို့သော် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် တံဆိပ်ခေါင်းခွန်မှာ ခုနစ်ရာခိုင်နှုန်းနှင့် ကျန်ဒေသများတွင် အရောင်းအ၀ယ်လုပ်ပါက ၁၅ ရာခိုင်နှုန်း တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်ဖြစ်သည်။
 “အခွန်လျှော့ပေါ့ သက်သာခွင့်ကို သက်တမ်းဆက်မတိုးတော့တာပါ။ တည်ဆဲဥပဒေနဲ့ပဲ ဆက်ပြီးသွားမယ်”ဟု ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က ဆိုသည်။
 ယခုကျင့်သုံးမည့် တည်ဆဲဥပဒေ အခွန်နှုန်းထားမှာ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ပြဋ္ဌာန်းခြင်းမပြုမီ မူလဥပဒေအရဆိုပါက ၀င်ငွေရလမ်း မဖော်ပြနိုင်လျှင် ၀င်ငွေခွန် ၄၁ ရာခိုင်နှုန်းထိ ပေးရခြင်းဖြစ်သည်။
 “၀ယ်ရောင်းအတွက် ကိုင်ထားသူတွေတော့ ဂယက်ရိုက်မှာပဲ။ အရောင်းအ၀ယ်လည်း အေးသွားနိုင်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
 ပြည်တွင်းအိမ်မြေဈေးကွက်တွင် အခွန်စနစ် သက်သာခွင့်ကြောင့် အရောင်းအ၀ယ် များစွာကောင်းခဲ့ပြီး ငါးနှစ်အတွင်း ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။
 ယင်းကဲ့သို့ မြေဈေးနှုန်း မြင့်တက်မှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် အတားအဆီးများ ဖြစ်ခဲ့သလို ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်များ လုပ်ငန်းချဲ့ထွင်မှုကိုလည်း အတားအဆီးဖြစ်ခဲ့သည်။ ငွေကြေးတတ်နိုင်သူများက ၀ယ်ယူရင်းနှီးမြှုပ်နှံမှုများကြောင့် စက်မှုဇုန်များတွင်လည်း မြေကွက်တိုင်းသာရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အနှောင့်အယှက် ဖြစ်ခဲ့ကြောင်း စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦးကလည်း ရှင်းပြသည်။
 အိမ်ခြံမြေအခွန် စနစ်သစ်ကို စတင်ခဲ့သည့် ၂၀၀၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ အိမ်မြေဈေးကွက်မှာ လှုပ်ရှားလာခဲ့သည်။ ပြည်တွင်းနိုင်ငံသားများသာမက ပြည်ပနိုင်ငံမှ လုပ်ငန်းရှင်များပါ အခွန်သက်သာခွင့်ကို အခွင့်ကောင်းယူ၍ ၀င်ကစားခဲ့မှုကြောင့် မြေဈေးနှုန်းများသည် အာရှနိုင်ငံများတွင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်တို့က ဆိုသည်။
 “ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးက ဟောလိဝုဒ်ကဈေးထက် မြင့်နေတယ်။ ဒါဟာ ပြည်တွင်းစီးပွားရေးအတွက် လွဲမှားနေတာပဲ”ဟု စီးပွားရေးပညာရှင် ပါမောက္ခဟောင်းတစ်ဦးက ဆိုသည်။
 ယင်းကဲ့သို့ အိမ်ခြံမြေဈေးနှုန်း မြင့်တက်ရခြင်းမှာ ခြံမြေသည် အလားအလာကောင်းများရှိခြင်း၊ ငွေမည်းမှ ငွေဖြူသို့ ပြောင်းလဲနိုင်ခွင့် ရနေခြင်း၊ နိုင်ငံအတွင်း
အရင်းအနှီးများ ၀င်ကစားနိုင်သည့် အရင်းအနှီးဈေးကွက်များ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းကို အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။
No comments:
Post a Comment