Wednesday, August 15, 2012

ရေလွှမ်းစပါးစိုက်တောင်သူများ ကူညီရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်း




ရန်ကုန်၊ သြဂုတ်-၁၅

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ပျိုးခင်းများ ရေလွှမ်းမိုးမှုကို ကူညီနိုင်ရန် အရေးပေါ်အခြေအနေ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ Emergercy Early Response Team (EERT) ကို သြဂုတ်
၁၄ ရက်မှ စတင်ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ သတင်းရရှိသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက အသင်းဝင်များနှင့် အသင်းဝင်မဟုတ်သော လယ်သမားများ၏ ရေမြုပ်စပါးခင်းများအတွက် အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးရန် ဖွဲ့စည်းခြင်းဖြစ်သည်။

ရေကြီး၊ ရေမြုပ်မှုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန်၊ ရေမြုပ်သော စိုက်ခင်းများအား အသင်းခွဲများ၏ အကူအညီနှင့် အချိန်မှီပြန်လည် စိုက်ပျိုးရန် လိုအပ်မှု ရှိ၊ မရှိ သုံးသပ်ဖော်ထုတ်ရန်၊ ပြန်လည်စိုက်ပျိုးရန် လိုအပ်သော နေရာဒေသများအတွက် မျိုးစပါးကို အချိန်မှီဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရေမြုပ်မှုကြောင့် စပါးအထွက်နှုန်း ထိခိုက်နိုင်သော စိုက်ခင်းများအတွက် လိုအပ်သော သွင်းအားစုများ ပံ့ပိုးပေးအပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန်၊ ရာသီဥတုပြောင်းလဲမှု အခြေအနေကို တောင်သူများ သိရှိနိုင်ပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်၊ အသင်းခွဲများ ဆန်စပါးအထူးပြု ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို အထက်ပါအဖွဲ့က ဆောင်ရွက်မည်ဟုဆိုသည်။

အဆိုပါ အသင်းကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂၃ ဦး ပါဝင်သည်။

No comments:

Post a Comment