Monday, August 13, 2012

ဦးတေဇလယ်ယာမြေ ဧက ၄ သောင်း အစိုးရကိုပြန်လည်အပ်နှံ







ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ ဧက ၄၀၀၀၀ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် နိုင်ငံတော်သို့ တရားဝင်ပြန်အပ် လယ်မြေများစွာပိုင်သည့် ကုမ္ပဏီအချို့မှ လက်ငုတ်လက်ရင်း တောင်သူဖြစ်ပါက အကျိုးတူ လယ်ယာလုပ်ကွက် ပြန်ပေးရန်ရှိနေ

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀၀ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမ၀ါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀၀ ကိုစိုက်ပျိုး၍ ရနိုင်သည့် လယ်ယာမြေများအဖြစ် မြေပြုပြင်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုး၍မရနိုင်ဘဲ ငါးမွေးမြူရေးအနေဖြင့် ပိုမိုသင့်တော်သည့် မြေများအား ငါးမွေးကန်အဖြစ် ပြုပြင်ခဲ့ကြောင်း၊ အင်းအိုင် ဧရိယာများလည်း ပါဝင်ကြောင်း ဧရာရွှေဝါကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ဒါးကမြို့နယ်များ အတွင်းရှိ ရေကြီးကွင်း ရေနက်ကွင်းများအား ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စိုက်ပျိုးနိုင်သည့် မြေဧက ၃၅၈၈၆ ဒသမ ၆၄ ဖော်ထုတ်ခဲ့ ကြောင်း၊ အင်းအိုင်ဧရိယာမှာ ၄၈၁၃ ဒသမ ၃၆ ဧကရှိကြောင်း၊ ငါးကန် ဧရိယာ ၁၂၀၅ ဒသမ ၅ ဧကကို ဖော် ထုတ်ခဲ့သည်ဟု နိုင်ငံတော်သို့ တရားဝင်တင်ပြချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment