Tuesday, August 14, 2012

ဆင်ပေါင်ဝဲမှ သိမ်းဆည်းခံမြေဧက(၁)သောင်းကျော်အတွက် သမ္မတထံအသနားခံ



သြဂုတ်(၁၄)ရက်၊၂ဝ၁၂ခုနှစ်။


ဆင်ပေါင်ဝဲမြို့ရှိ ကျေးရွာ(၁၃)ရွာ၏ စိုက်ပျိုးမြေများအား ၁၉၉၈ခုနှစ်တွင်ကပစ(၈)မှ သိမ်းယူခဲ့သောကြောင့်    အဆိုပါမြေများပြန်လည်ရရှိရေး ရွာသားများက စုပေါင်း၍သြဂုတ်(၁၃)ရက်နေ့ တွင် နိုင်ငံတော်သမ္မတထံသို့ အသနားခံစာတင်ထားကြောင်းသိရသည်။


 မကွေးတိုင်းဒေကြီး ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ(၁၃)ရွာမှ အသိမ်းခံရသောစိုက်ပျိုးမြေ အကျယ်အဝန်းမှာ ဧက (၁ သောင်း) ကျော်ရှိကြောင်း ရွာသားများကဆိုသည်။

 ''ကျွန်တော်တို့ သမ္မတဆီကို အသနားခံစာတင်ထားပါတယ်။ ကျွန်တော်တို့ရွာက(၅၈)ဦးပါတယ်၊ တခြားရွာတွေကော ပေါင်းလိုက်ရင် လူဦးရေတစ်ထောင်ဝန်းကျင်လောက်ရှိမယ်။''ဟုမန်ကျီးပင်ပုကျေးရွာမှ ဦးလှဘူးက ပြောသည်။

 ရွာသားများ၏ စိုက်ပျိုးမြေအား ကပစ(၈) (ကာကွယ်ရေးပစ္စည်းစက်ရုံ)မှမသိမ်းဆည်းခင် အချိန်က ရွာသားများအနေဖြင့် အစိုးရကိုအခွန်တစ်ဧကလျှင်(၁၂)ကျပ်ပေးရပြီး ကပစ(၈)မှ သိမ်းပြီးချိန်တွင်မူ တစ်ဧကလျှင်နှမ်းတစ်ခွဲ(ရှစ်ပြည်  )နှုန်းပေးရကြောင်း ယခုအချိန်တွင် တစ်ဧကလျှင် (၈ထောင်)ကျပ်အထိ ပေးရကြောင်း ရွာသားများကဆိုသည်။

 ''ကျွန်တော်မြေကတော့ (၁၆)ဧကပါသွားတယ်။ ကျွန်တော်တို့ လုပ်လာတာ အဘိုးအဘွားတွေလက်ထက်ကတည်းကပါ။ ဓားမဦးကျလို့ပြောလို့ရပါတယ်။''ဟု ဘော်မြင့်ကျေးရွာမှ ဦးပေါ်ဦးကပြောသည်။

 အဆိုပါဒေသတွင် ရွာသားများအနေဖြင့် အဓိကစိုက်ပျိုးကြသော သီးနှံများမှာနှမ်းနှင့် မြေပဲတို့ဖြစ်သည်။

 အဆိုပါ မြေဧက တစ်သောင်းကျော်တွင် စစ်တပ်မှ ယခုအချိန်၌စစ်တပ်အဆောက်အဦးများ ဆောက်ထားပြီး နေရာလွတ်များတွင် ရွာသားများကိုသီးစားပြန်ချထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

 ထို စစ်တပ်မှ သိမ်းထားသောမြေများတွင် မြေဆုံးရှုံးနစ်နာသောကျေးရွာ(၁၃)ရွာမှာ ဒင်းပုန်း၊စောင်းတန်းကြီး၊ စောင်းတန်းလေး၊ နတ်ရွာ၊ မန်ကျီးပင်ပုရွာနှင့်ဘော်မြင့်ရွာအပြင် အခြားကျေးရွာ (၇)ရွာတို့ ဖြစ်ကြောင်းသိရသည်။



No comments:

Post a Comment