တစ်ဦးသေဆုံးကာ နှစ်ဦးပိတ်မိလျက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု၊ ကျောက်ဆောင်းကျေးရွာ မြောက်ဘက် (၄)ဖာလုံခန့်အကွာရှိ ဘီအိုစီခေတ်က ရေနံတွင်းဟောင်းတစ်တွင်းကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ကျောက်ဆောင်းကျေးရွာနေ သိန်းဋ္ဌေး၊ နိုင်လင်းဦးနှင့် ၀င်းကိုတို့ (၃)ဦးက ရေနံများ ခိုးယူတူးဖော်နေခဲ့သည်။ ထိုသို့တူးဖော်နေစဉ် ရေနံတွင်းဟောင်းမှ လေဖိအားနည်းကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် နိုင်လင်းဦးမှာ တွင်းဝ၌ သေဆုံးခဲ့ပြီး သိန်းဋ္ဌေးနှင့် ၀င်းကိုတို့နှစ်ဦးမှာ အနက် ၈၀ ပေ၊ အကျယ် ၄ ပေရှိ တွင်းဟောင်းအတွင်း၌ ပိတ်ဆို့မိခဲ့သည်။ ရေနံတွင်းဟောင်းမှ ပေါက်ကွဲသံကြောင့် ကျောက်ဆောင်းကျေးရွာနေ ဦးလှအေး၊ သိန်းဇော်နှင့် အရာတော်ကျေးရွာနေ ခင်မောင်ဝင်း၊ ဖိုးထောင်တို့ လေးဦးက သွားရောက်ကယ်ဆယ်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာတွင် အဆိုပါတွင်းမှ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားပြီး ဦးလှအေးအပါအ၀င် လူလေးဦး မီးလောင်ဒဏ်ရာများ ရရှိကာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း သတင်းရရှိသည်။
အဆိုပါ လူနာများအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးဆေးရုံသို့ တင်ပို့ခဲ့ပြီး ရေနံတွင်းဟောင်း အတွင်း၌ ပိတ်မိနေသည့် သိန်းဋ္ဌေးနှင့် ၀င်းကိုတို့နှစ်ဦးကိုလည်း ဒေသခံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရသည်။
No comments:
Post a Comment