Tuesday, August 14, 2012

ရှမ်းပြည်နယ်အတွင်းက သတ္တုရိုင်းများကို သန့်စင်ပြီးမှသာ ပြည်ပသို့ တင်ပို့မည်

ရှမ်းပြည်နယ်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းများမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ သတ္တုတူးဖော်ရေး ကဏ္ဍမှာ တူးဖော်ရရှိလာတဲ့ သတ္တုရိုင်းများကို သန့်စင်ပြီးမှ သာ ပြည်ပသို့ရောင်းချရန် အတွက်ရည်ရွယ်ပြီး အစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ သြဂုတ်လ ၅ ရက်က တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ရှမ်းပြည်နယ်ဒေသအဆင့် သတ္တကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ပပို့ကုန် အရည်အသွေးမြှင့် တင်ရေးနှင့် ဈေးကွက်ထိုးဖောက်ရေး ဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြတယ်လို့ သိရပါတယ်။
ကျနော်တို့ကို လွှတ်တော်ဥက္ကဌက ဖိတ်စာပို့လို့လာတက်တာပါ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွေအားလုံးကို ဖိတ်ပါတယ်။ ဒါပေမဲ့ အားလုံးတော့ လာမတက်ကြပါဘူး၊ အချိန်ရတဲ့သူတွေပဲ လာတတ်ကြပါတယ်၊ အဓိကကတော့ သတ္တုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့၊ သန့်စင်ပြီး သတ္တုများသာ တင်ပို့ရောင်းချဖို့၊ ပြည်ပဈေးကွက်ကိုထိုးဖောက်ဖို့ စတာတွေပဲ ဆွေးနွေးကြတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကော့လီ ကို ပြောပြပါတယ်။
ရှမ်းပြည်နယ်အတွင်း သတ္တုလုပ်ငန်းအသီးသီးမှာ ကုမ္ပဏီပေါင်း ၂၀၀ကျော် မှတ်ပုံတင်ပြီး လုပ်ငန်းများ ဆောင်ရွက်နေတဲ့အပြင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက မိမိတို့ ထိန်းချုပ်ထားတဲ့ ဒေသအတွင်းက သတ္တုရိုင်းတွေကိုတူးဖော်ပြီး အိမ်နီးချင်းနိုင်ငံတွေဆီ တိုက်ရိုက် သယ်ယူနေတာတွေ လည်း ရှိသေးတယ်လို့သိရပါတယ်။
ရှမ်းပြည်နယ်အတွင်း စီးပွားဖြစ်သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်မှုမှာ ခဲနှင့်အခြားသောလုပ်ငန်း (၂၉)ခု၊ ခနောက်စိမ်းလုပ်ငန်း (၁၅)ခု၊ သံလုပ်ငန်း (၂)ခု၊ ကြေးနီးလုပ်ငန်း (၂)ခု၊ မဂ္ဂနီလုပ်ငန်း (၁၀)ခု၊ ခဲမဖြူနှင့်အဖြိုင်နက်လုပ်ငန်း(၅)ခု၊ ရွှေလုပ်ငန်း (၄)ခု၊ ဂေါဒန်ကျောက်လုပ်ငန်း(၄)ခု၊ ကျောက်မီးသွေး လုပ်ငန်း (၄)ခု၊ ထုံးကျောက်လုပ်ငန်း (၁)ခုစတဲ့ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ အကြီးစားလုပ်ငန်း (၁)ခု၊ အသေးစား (၂၂)ခုရှိပြီး စမ်းသပ်လုပ်ငန်း (၉၃)ခု၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ အကြီးစား (၁၁)ခု၊ အသေးစား (၁၁၆)ခု၊ စမ်းသပ် (၁၄၁)ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာ အကြီးစား (၁၈)ခု၊ အသေးစား(၅၄)ခုနှင့် စမ်းသပ်(၆၇)ခု ခွင့်ပြုပြီး အချို့လုပ်ငန်းတွေဟာရှာဖွေစမ်းသပ်ဆဲအဆင့်သာရှိပြီးကုန်ကြမ်း၊ ကုန်ချောလုပ်ငန်း မဆောင်ရွက်နိုင် သေးကြောင်း သြဂုတ်လ (၁၃)ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဌာန ၀န်ကြီးဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုက်းအိုက်ပေါင်း ဖြစ်ပါတယ်။
ထို့အပြင် သြဂုတ်လ(၉)ရက်နေု့တုန်းကလည်း မွေးမြူရေးကဏ္ဍနှင့်သမ၀ါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရေတို / ရေရှည်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို တောင်ကြီး မြို့တော်ခန်းမမှာပဲ ကျင်းပခဲ့ပြီး စ၀်အောင်မြတ်ဦးစီးတဲ့ ၀န်ကြီးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လုပ်ငန်ရှင်များ စုစုပေါင်း (၃၄၂)ဦး တက်ရောက်ခဲ့ကြတယ်လို့ သြဂုတ်လ (၁၃)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment