Tuesday, August 14, 2012

ရေထွက်ကုန်အတွက် စင်္ကာပူလုပ်ငန်းရှင် ၄၀ လာရောက်ဆွေးနွေးမည်

ရတနာဦး | တနင်္လာနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၁ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ရေထွက်ကုန်များ မှာယူနိုင်ငံရေးအတွက် စင်္ကာပူနိုင်ငံ Agri-Food and Veterinary Authority (AVA) မှ စီးပွားရေးလုပ်ငန်းရှင် ၄၀ သည် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ  တာဝန်ရှိသူ တဦးက ပြောသည်။


မြန်မာ့ ရေထွက် ကုန်ပစ္စည်များအနက် အဓိက အားဖြင့် မွေးမြူရေးငါး သုံးမျိုးဖြစ်သည့် ငါးတန်၊ တီလားဗီးယား နှင့် ကကတစ် ငါးများ မှာယူနိုင်ရေးကို ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် အောက်တိုဘာလ ၁၀ ရက်နေ့၌ ဆွေးနွေးကြမည်ဖြစ်သည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က အဲဒီအဖွဲ့ရဲ့ လက်ထောက် မန်နေဂျာတဦးက အဖွဲ့ချုပ်ကို လာရောက်ပြီး
မြန်မာနိုင်ငံမှာရှိတဲ့ ရေထွက် ကုန်ပစ္စည်း လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးချင်တယ်လို့ ပြောပါတယ်” ဟုမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

အစိုးရသစ် တက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ရေထွက်ကုန်များနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ စင်္ကာပူနိုင်ငံမှ အုပ်စုလိုက် လာရောက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် အဆိုပါအဖွဲ့အနေဖြင့် အစားအစာ အန္တရာယ်ကင်းမှု၊ အရည်အသွေး ထိန်းချုပ်မှုတို့နှင့်ညီညွတ်သည့်
ရေထွက်သည့် ပစ္စည်းများကို စင်္ကာပူနိုင်ငံသို့ တင်သွင်းနိုင်ရန် လေ့လာမည် ဖြစ်သည်။

“စင်္ကာပူနိုင်ငံအဖွဲ့က လာရောက်ပြုလုပ်မယ့် ဆွေးနွေးမှုက မြန်မာနိုင်ငံမှာ ရှိတဲ့ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေအတွက် ဈေးကွက် အသစ် ထပ်ရနိုင်မယ့် အခွင့်လမ်းသစ်တခု ပေါ်လာနိုင်မှာပါ ” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ ဘဏ္ဍာရေးမှူး ဒေါ်တိုးနန္ဒာတင် က ပြောသည်။

မြန်မာနိုင်ငံသည် ရေထွက် ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့လျက်ရှိပြီး တရုတ်၊ ထိုင်းနှင့် အာရပ်စော်ဘွားများနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိကာ စကာင်္ပူနိုင်ငံသည် ပဉ္စမအဆင့်တွင် ရှိကြောင်း ဦးဟန်ထွန်း က ပြောသည်။

No comments:

Post a Comment