Tuesday, August 14, 2012

ဒေါ်လာ ၃ဝဝဝဝဝ တန် ရှားပါး အိုင်ဆိုတုတ် ရုရှားဆယ်ကျော်သက် ကောက်ရ

ရုရှားနိုင်ငံအူလ်ယာနော့ဗ်စ်မြို့မှ ဆယ်ကျော်သက် ယောက်ျားလေး တစ်ဦးသည် ၎င်းစီးနင်းလိုက်ပါလာသည့် ခရီးသည်တင် မီနီဘတ်စ် တစ်စီးအပေါ်မှ အနည်းဆုံးဒေါ်လာ ၃ဝဝဝဝဝ တန် ရှားပါး ဆီလီနီယမ် အိုင်ဆိုတုတ်များ ပါဝင်သည့် ပိုင်ရှင်မဲ့ အိတ်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သြဂုတ် ၁၃ ရက်က အင်တာနက် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အဆိုပါ တစ်ဆယ့်လေးနှစ်အရွယ် ယောက်ျားလေးသည် ၎င်း၏မိခင်နှင့် အတူ ခရီးသွားနေစဉ်အတွင်း ၎င်းထိုင်ခုံ အောက်မှ အဆိုပါပိုင်ရှင်မဲ့ ပလတ်စတစ်အိတ်တစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းအိတ်ကိုယူဆောင်ကာ အိမ်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရောက်၍ အိတ်ကိုဖွင့်ကြည့်လိုက်ချိန်တွင် ၁ ဂရမ် လျှင် ဒေါ်လာ ၃ဝဝဝဝ နှင့် ၄ဝဝဝဝ ကြားတန်ဖိုးရှိ သည့် ရှားပါးဆီလီနီယမ်-၇၄ အိုင်ဆိုတုတ် ၁ဝ ဂရမ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းအိုင်ဆိုတုတ်များအား ဒီမီထရိုဂရက်မြို့ရှိ အဏုမြူဓာတ်ပေါင်းဖိုအတွက် သုတေသနပြုလုပ်ရန် ပေးပို့ လိုက်ခြင်းဖြစ်သည်ဟူသော အထောက်အထား စာရွက်စာတမ်းများလည်း ၎င်းအထုပ်အတွင်း၌ ပါဝင်ခဲ့ကြောင်း သိရသည်။ ၎င်းအိုင်ဆိုတုတ်ကို မော်စကိုမြို့မှ အူလ်ယာနော့ဗ်စ် မြို့သို့ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းရှိ ခရီးသည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုက အဆိုပါအရာဝတ္ထုကို တိုဂလီရက်တီမြို့သို့ ပေးပို့ရန် ယာဉ်မောင်းအား ငှားရမ်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ဆယ်ကျော်သက် ယောက်ျားလေးနှင့် ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီတို့သည် တရားစွဲဆို ခြင်းခံထားရကြောင်း သိရသည်။

No comments:

Post a Comment