Tuesday, August 14, 2012

Facebook Like ပေးခြင်းရဲ့ နောက်ကွယ်



သြဂုတ်လ ၁၁ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် သတင်းစာမှာ မှတ်သားစရာ
သတင်းလေးတစ်ပုဒ်ပါလာပါတယ်။ ဒီသတင်းမှာ အမေရိကန်ပြည်ထောင်စု
ဗာဂျီးနီယားပြည်နယ်မှာ ပြည်ထောင်စုတရားသူကြီးတစ်ဦးက Facebook နဲ့ ပတ်သက် ပြီး ဆုံးဖြတ်ချက်တစ်ခုချတဲ့အကြောင်းရေးထားပါတယ်။

ဖြစ်စဉ်ကတော့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ရဲမှူးက သူလည်း တာဝန်စတင်ယူရော သူ့ရုံးက ၀န်ထမ်း ခြောက်ဦးကို အလုပ်က ရပ်စဲလိုက်တယ်။

အဲဒီအခါ မှာ အလုပ်ကရပ်စဲခံရသူတွေကသူတို့ဟာ ပြိုင်ဘက်ကိုယ်စားလှယ်
လောင်းရဲ့ Facebook စာမျက်နှာကို Like လုပ်ခဲ့တဲ့အတွက် လက်စားချေခံ
ရတာဖြစ်တယ်ဆိုပြီး တရားရုံးကို ဦးတိုက်လျှောက် ခဲ့တာဖြစ်ပါတယ်။

သူတို့က Facebook မှာ like တာဟာ အမေရိကန်အခြေခံဥပဒေ ပထမ
ပြင်ဆင်ချက် First Amendment က ပေးအပ်ထားတဲ့ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာဖြစ်တယ်။ ဒါ့ကြောင့်သူတို့ကို အခုလို အရေးယူတာမျိုး မလုပ်သင့်ဘူးလို့ အကြောင်းပြပါတယ်။

ပြည်ထောင်စု တရားသူကြီး RAYMOND A. JACKSON ကတော့ Facebook မှာ စာပိုဒ်၊ စာကြောင်းရေးသား တာဟာ ပထမ ပြင်ဆင်ချက်နဲ့အကျုံးဝင်
ပေမယ့် Like လုပ်တာဟာ တိကျပီပြင်တဲ့ ထုတ်ဖော် ပြောကြားချက် မဟုတ်ဘူး။ ဒါ့ ကြောင့် ဒါကို အကြောင်းပြပြီး အခြေခံဥပဒေ အကာအကွယ် ရယူဖို့အတွက် တရားစွဲဆိုရန် မသင့်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

တရားလိုများဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို အထက်တရားရုံးတွေကို ဆက်ပြီးအယူခံမယ်လို့ ပြောထားပါတယ်။

ဒီဖြစ်စဉ်ဟာ တစ်ဖြေးဖြေးနဲ့ အဓိက သတင်းဖလှယ်ရာ မီဒီယာဖြစ်လာတဲ့ Facebook လို အင်တာနက် လူမှုရေးကွန် ယက် တွေအပေါ်က ပြောဆို
မှုတွေကို တည်ဆဲ ဥပဒေတွေထဲမှာ ဘယ်လိုထည့်သွင်းစဉ်းစားမလဲဆိုတဲ့ ကိစ္စကို ထင် ဟပ် နေတာပဲဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုမှာတော့ Facebook လိုလူမှုရေးကွန်ယက်
တွေပေါ်မှာ လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်သလို အဲဒီအပေါ်မှာ လူမျိုးရေး ခွဲခြားတဲ့အသုံးအနှုန်းတွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့အရေး အသားတွေကို ဥပဒေအရ အရေးယူတာတွေလည်းရှိပါတယ်။ ဒါပေမယ့် Like လုပ်တာကို ဘယ်လို သတ်မှတ်မလဲဆိုတာက အခု ထပ်ပေါ်လာတဲ့ စဉ်းစားစရာကိစ္စတစ်ခုဖြစ်ပါတယ်။

တစ်ချို့ကတော့ Like လုပ်တာဟာ ကြွေးကြော်သံပါတဲ့ တီရှပ်ကိုဝတ်သလို၊ Sticker ကပ်သလို သဘောထား သင့်တယ်လို့ ပြောတယ်။ အမေရိကန် တရားရုံးချုပ်က အခြေခံဥပဒေ ပထမပြင်ဆင်ချက်ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ အဲဒီကိစ္စတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ အကျုံးဝင်တယ်လို့ ဆုံးဖြတ်ခဲ့ဖူးတာကိုး။

ဒါပေမယ့် ဒီလိုသာ သတ်မှတ်ရင် လူမျိုးရေးခွဲခြားတဲ့ပို့စ်တစ်ခုကို Like လုပ်တဲ့သူတွေကိုရော ရေးတဲ့သူလိုပဲ အရေးယူမလားဆိုတဲ့ မေးခွန်း
ကလည်း ထပ်ပေါ်လာပြန်ပါတယ်။ ဒါ့ကြောင့်လည်း ဒီသတင်းလေးဟာ မှတ်သားစရာ သတင်းဖြစ်ပြီးအကျိုးဆက်ကို စောင့်ကြည့်ရမယ်လို့
ပြောတာပါ။

နောက်ထပ် ဒီသတင်းလေးဖတ်ရင်း သတိပြုမိတဲ့ အချက်ကတော့ အဲဒီ
သတင်းကို ဝါရှင်တန်ပို့စ်က အယ်ဒီတာအဖွဲ့ က သတင်းဆောင်းပါး အဖြစ်ရေးပါတယ်။ ရေးတဲ့အထဲမှာ တရားသူကြီးကို ဝေဖန်ပြီး Facebook နဲ့ အခြားလူမှုရေးကွန်ယက်တွေဟာ နည်းပညာအသစ်တွေဖြစ်တဲ့အတွက် ဒါတွေနဲ့သက်ဆိုင်တဲ့ ဥပဒေကြောင်း ကိစ္စတွေဟာ အချိန်ယူရမယ်လို့ အစ ချီပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ထောက်ပြထားပါတယ်။

ဒါပေမယ့် အဲဒီ စာကြောင်းအဆုံးမှာတော့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ပူးတွဲ ဥက္ကဌနဲ့ အမှုဆောင်အရာရှိဟာ Facebook ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်
ဆိုတာကို (Washington Post Co. Chairman and Chief Executive Donald Graham is a member of Facebook’s board.) ဆိုပြီး ဖော်ပြ
ထားပါတယ်။

ဆိုလိုတာကတော့ Facebook နဲ့ သူတို့ သတင်းစာ ဆက်စပ်နေမှုကို ပွင့်လင်းမြင်သာစွာ ၀န်ခံထားတာဖြစ် ပါတယ်။ ဒါ ဟာ စာနယ်ဇင်း ကျင့်ဝတ်အရ အလွန် လေးစားစရာ ကောင်းတဲ့ အပြုအမူလို့ ထင်ပါတယ်။

ကျွန်တော်တို့ဆီမှာလည်း သတင်း ဂျာနယ်ထုတ်ဝေသူတွေထဲမှာ စာနယ်ဇင်းအလုပ်တစ်ခုကိုပဲ လုပ်ကိုင်နေ သူများပါ သလို အခြားစီးပွားရေး လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင်နေသူတွေလည်း ပါပါတယ်။ သူတို့ရဲ့ ဂျာနယ်တွေက ဒီ ထုတ်ဝေသူများ၊ ဒါမှ မဟုတ် ဂျာနယ်မဂ္ဂဇင်းရဲ့ အမှုဆောင် အရာရှိချုပ်များရဲ့ အခြား စီးပွားရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ သတင်းများ၊ သုံးသပ် ချက်များ၊ အယ်ဒီတာ့အာဘော်များကိုရေးတဲ့အခါ ဝါရှင်တန်
ပို့စ်ကလုပ်သလိုပဲ ၀န်ခံချက်လေးများပါရင်ဘယ်လောက် ကောင်းလေမလဲ
လို့လည်း တွေးမိပါတယ်။

Time မဂ္ဂဇင်းကလည်း CNN နဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုရေးတဲ့အခါ Time နဲ့ CNN ဟာ Time Warner မိခင်ကုမ္ပဏီတစ်ခုတည်းက ပိုင်ဆိုင်
တာဖြစ်ကြောင်း မှတ်ချက်အနေနဲ့ဖော်ပြပေးခဲ့တာကို ဖတ်ရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ဝါရှင်တန်ပို့စ် အယ်ဒီတာအဖွဲ့ရဲ့ မှတ်ချက်ဟာလည်း ကျင့်ဝတ်နဲ့ ပွင့်လင်းမြင်သာမှု ရှု့ထောင့်ကနေ လေ့လာမှတ်သားသင့်တဲ့အချက်လို့ ထင်မိပါတယ်။

No comments:

Post a Comment